မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းနှင့် ပါးစပ်နှာခေါင်းစည်း ဖြန့်ဝေပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မိုးညှင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့ပူးပေါင်း၍ အဖွဲ့သုံးဖွဲ့ခွဲကာ လူစည်ကားရာ နေရာများဖြစ်သည့် စည်ပင်သာယာစျေးများ၊ မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၊ လမ်းဆုံလမ်းခွနေရာများနှင့် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (၂၀၀၀)ခုကို အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ နန်းမားဒေသနှင့် အင်းတော်ကြီးဒေသတို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း(Mask)များ အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်