သထုံ ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အမှာစကား ပြောကြားပြီး သထုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက သထုံမြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက် နေမှုများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသူတို့က ကော်မတီဖွဲ့စည်းထားရှိမှုအား လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ကလေးသူငယ်များ၏ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မရှိစေရေး၊ ပြည်သူများအနေဖြင့် အကြမ်းဖက်ခံရသည့် ကလေးသူငယ်များတွေ့ရှိပါက နီးစပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး များနှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီထံသို့ သတင်းပေးပို့နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများမှ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လေလွင့်ကလေးသူငယ်စာရင်းများအား ကောက်ယူတင်ပြသွားရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပြီး သထုံမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ လူငယ်ပရဟိတဂေဟာများထံ လူမူဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)