သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် (Covid Shield) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီ အချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မာဗိမာန်ဓမ္မာရုံနှင့် သုဝဏ္ဏ (၂၉)ရပ်ကွက်ရှိ ဓမ္မာရုံတို့တွင် (၂၁၃)ဉီးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန် မပျက်ဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင် ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူ ပြည်သူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီးကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
စန္ဒာမိုး