ဖားကန့်မြို့၌ Happy စားသောက်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဖားကန့်  ဖေဖော်ဝါရီ  ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်ရှိ Happy စားသောက်ဆိုင်တွင် ယမန်နေ့ နံနက် (၉)နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂဟေဆော်လုပ်ငန်း ပြုလုပ်နေစဉ် မီးစက်အနီးရှိ ဆိုဖာပေါ်သို့ မီးစက်ကျရောက်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သန္ဓေမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရံမီးငြှိမ်းသတ်ယာဉ် (၉)စီးနှင့် ကုမ္ပဏီရေသယ်ယာဉ် (၅)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် ပေနှစ်ဆယ် ပတ်လည်အခန်း (၅)ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစာ္ဆန် ထိခိုက်မှု မရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍  ဖားကန့်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် ပြန်/ဆက်