ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမား ဆေးရုံကြီး (ရန်ကုန်)၌ မြို့နယ်အတွင်း ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံရန်ကျန်ရှိ နေသေးသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများစုစုပေါင်း (၁၀၇၀) ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိ သည့် ကျန်းမာရေးဝန်ထမ်း (၂၃၀) ဦးကို တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များအားလည်းကောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြားသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း (၈၄၀) ဦးကို ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအားလည်းကောင်း အသီးသီးထိုးနှံပေးနိုင်ခဲ့ပြီး လာရောက် ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်း ဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး (၆) ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူ (၁၀၇၀) ဦးအထိရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)