လွိုင်လင်မြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

လွိုင်လင် ဖေဖော်ဝါရီ  ၂၄

 ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ၂၅ ကြိမ်မြောက် နှစ်ကျိပ် ရှစ်ဆူသံဗုဒ္ဓေဘုရားရှင်များပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းစည်းဝေးကို ယနေ့ နံနက် (၀၉:၃၀) နာရီက ရတနာစည်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

 အစည်းအဝေးကို ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ရတနာ စည်ဆရာတော် ဘန္ဒန္တသီလာနန္ဒအား ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ပြီး ဩဝါဒ ခံယူပါသည်။ ဆက်လက်၍ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ် တို့က သာသနာရေးဆိုင်ရာ လျှောက်ထား ချက်များအသီးသီး လျှောက်ထားကြသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လျှောက်ထားရာတွင် လွိုင်လင်မြို့၌ နှစ်ကျိပ်ရှစ်ဆူ သံဗုဒ္ဓေဘုရားရှင်များ ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာသည်မှာ ၂၄ ကြိမ်အထိကျင်းပခဲ့ပြီး ဖြစ်ကြောင်း လွန်ခဲ့သည် ၂၀၂၀၊ ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေး အခြေအနေများကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိရာ ယခုနှစ် ၂၀၂၂ ခုနှစ် တွင် ပြန်လည် ကျင်းပနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ပွဲတော်ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ စည်းကမ်းချက် များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။

ဆက်လက်၍အထွေထွ ဆွေးနွေးခြင်းအစီအစဉ်အရ အစည်းအဝေးတပ်ရောက်လာကြသည့်  ဌာနဆိုင်ရာများက ဆွေးနွေး ပြီးနောက်  ၂၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်များ ပူဇော်ပွဲကိုလာမည့် မတ်လ ၁၃ ရက်နေ့တွင် ကျင်းပရန်လျာထား ဆုံးဖြတ်ကြသည်။

ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရန် အသေးစိတ်လုပ်ငန်းများကို အနီးကပ်အစည်းအဝေး ထပ်မံခေါ်ယူ၍ စီမံဆုံးဖြတ်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့နောက် ရတနာစည် ဆရာတော်အား ထပ်မံကန်တော့ပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်းသိရသည်။

လွိုင်လင်မိုး