ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့ အမှတ် (၄)ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်က မီးဘေးအန္တရာယ် အသိပညာပေးဆွေးနွေးခြင်း၊ မီးငြိမ်းသတ်ရာ၌ မီးသတ်ဆေးဘူးရှိမရှိစစ်ဆေးခြင်း၊ မီးသတ်ရေပုံများထားရှိမှု ရှိမရှိစစ်ဆေးခြင်း၊ မီးချိတ်မီးကပ် သဲအိတ်များထားရှိမှု ရှိမရှိစစ်ဆေးခြင်း၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်၊ အသုံးပြုရန်မရသည့် မီးသတ်ဆေးဘူးများကို ထပ်မံဖြည့်တင်းဆောင်ရွက်ထားရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြပါရန် စစ်ဆေးဆောင်ရွက် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရာတွင် ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးတို့က ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)