ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် သိက္ခာထပ်၊ ရဟန်းခံ အလှူတော်မင်္ဂလာနှင့် မြောက်ဘက်စောင်းတန်း ဖွင့်ပွဲနှင့် ရေစက်သွန်းချပွဲကျင်းပ

တွံတေး ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးတွင် သိက္ခာထပ်၊ ရဟန်းခံ အလှူတော်မင်္ဂလာနှင့် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ မြောက်ဘက်စောင်းတန်းဖွင့်ပွဲ၊ ရေစက်သွန်းချပွဲကို ယနေ့နံနက်၇နာရီက အဆိုပါမြောက်ဘက် စောင်းတန်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရွှေဆံတော်စေတီတော်မြတ်ကြီး၏ မြောက်ဘက်စောင်းတန်းဖွင့်ပွဲတွင် ရွှေဆံတော် ဘဏ္ဍာတော်ထိန်းဥက္ကဋ္ဌ ဦးမင်းလွင်၊အလှူရှင်ဖြစ်သော မစန်းရွှေ(ခ)မခင်စန်းရွှေနှင့် အစ်ကို အမများက မြောက်ဘက် စောင်းတန်းကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေး သိန်းဇော်မှ မြောက်ဘက်စောင်းတန်းဖွင့်ပွဲ အောင်စေရတု သီဆိုဂုဏ်ပြုကာ အလှူရှင်မိသားစုများက ရွှေမိုး၊ ငွေမိုး ကျဲကြကြောင်းသိရသည်။

ထိုနောက် သိက္ခာထပ်၊ ရဟန်းခံအလှူတော်မင်္ဂလာ သိမ်ဆင်းခြင်းနှင့် တရားတော်နာ ရေစက်သွန်ချ အမျှပေးဝေကြကြောင်း သိရသည်။

ကိုဗစ်ကာလပိတ်ထားစဉ်ကာလအတွင်း စေတီတော်မြတ်ကြီးတွင် အသေးစား၊ အလတ်စား၊ အကြီးစား ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်ရှိ တန်ဆောင်းဆေးသုတ်ခြင်း၊ ဘုံပြင်ပြုခြင်း၊ ရုပ်ပွားတော်များရွှေချခြင်း၊ ပြုပြင်မွမ်းမံပူဇော်ခြင်း၊ ရင်ပြင်ပတ်လည် စကျင်ကျောက်(အပူအအေး)ခံကျောက်ပြားများ ခင်းခြင်း ဆောင်ရွက် ခဲ့ကြောင်း တာဝန်ရှိသူရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဥက္ကဋ္ဌထံမှ သိရသည်။

ယခုဖွင့်လှစ်ခဲ့သောမြောက်ဘက်စောင်းတန်းသည် ၂၀၁၇ ခုနှစ် သင်္ကြန်အကြိုနေ့ နေလည်ပိုင်း က ဘုံဆောင်မီးလောင်းခဲ့သဖြင့် အိုးဖိုအရှေ့ရပ်ကွက်နေ ဖခင်ကြီး ဦးတင်အေး၊ မိခင်ကြီး ဒေါ်ကျင်နုအားရည်းစူး၍ သမီးဖြစ်သူမစန်းရွှေ(ခ)မခင်စန်းရွှေ အကိုအမ များက မြောက်ဘက် စောင်းတန်းကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ရာ ငွေကျပ်သိန်းပေါင်း(၄၅၀၀)ကျော် အကုန်အကျခံ တည်ဆောက်မွမ်းမံခဲ့ကြောင်းသိရှိရသည်။

ယင်းမြောက်ဘက်စောင်းတန်းနှင့် ရွှေဆံတော်ရင်ပြင်ရှိ သာသနိကအဆောက်အအုံများ ပြီးစီးနေပြီဖြစ်သဖြင့် စေတီတော်ရင်ပြင် ပေါ်ရှိ တန်ဆောင်းများ အားလုံးဘုရားဖူးလာ ပြည်သူ များ ဖူးမျှော်ကြည်ညိုနိုင်ရေး ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ရပ်ဝေးရပ်နီးမှ ဘုရားဖူးများစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြင်နိုင်ပြီးဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းလွင်ထံမှသိရှိရသည်။

အဆိုပါစေတီတော်မြတ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထမြောက် အမြင့်ဆုံး စေတီတစ်ဆူဖြစ်ပြီး ဉာဏ်တော်အမြင့်( ၂၅၀)ပေ၊ ပင်လယ်ရေပြင်အထက်အမြင့်( ၈၆.၃၅၆ ပေ) ၊ စေတီတော်ရင်ပြင်အကျယ်မှာ (၄.၄၇) ဧကရှိကာယင်းစေတီတော်မှာ ရှေးနှစ်ပေါင်း ( ၂၅၀၀) ကျော်က တည်ထားခဲ့ကြောင်းသိရှိရသည်။

တွံတေးသား