ကွမ်းခြံကုန်း ဖေဖေါ်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် Mask Campaignပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၈နာရီက ကွမ်းခြံကုန်းမြို့နယ်မြို့မစျေးတွင်ပြုလုပ်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများက မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန် လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးကိုတစ်ဦးခပ်ခွာခွာနေထိုင်ရန်နှင့် Mask တပ်ဆင်ခြင်းမရှိသူများအား Mask အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေ နွယ်(IPRD)