သံတွဲ ဖေဖေါ်ဝါရီ ၂၄
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲခရိုင်ရုံးခွဲမှ ကြီးမှူးကျင်းပသည့် ခရီးသွားဧည့်သည်များကို စည်းကမ်းတကျ ဝန်ဆောင်မှု ပေးနိုင်ရေးနှင့် တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရေး အသိပညာပေး ဟောပြောပွဲကို ကနေ့နံနက် ၈:၃၀နာရီက ငပလီမြို့ Sky Lodge တည်းခိုရိပ်သာ၌ ကျင်းပပြုခဲ့လုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲခရိုင် ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူးဦးကျော်ဇေယျက အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွါးခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ စီးပွါးရေးလုပ်ငန်းများ ထိခိုက်ချိန်မှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းများ အပါအဝင် စီးပွါးရေးလုပ်ငန်းများ ရပ်တန့်မှုများ ပေါ်ပေါက်ခဲ့ရာမှ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှစတင်၍ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ငပလီကမ်းခြေဒေသတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလကုန်အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၄၂)ခုတို့အား ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ကြာင်း၊ ထို့အပြင် ၂၀၂၁ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ငပလီကမ်းခြေဖွင့်ပွဲအခမ်းအနားနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့က ငပလီ ဆောင်းဦးပွဲတော် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သဖြင့် ငပလီကမ်းခြေဒေသသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှု တိုးတက်လာခဲ့ပြီး မှတ်တမ်းများအရ ၂၀၂၁ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဇနနဝါရီလအထိစုစုပေါင်း ပြည်တွင်းဧည့်သည် (၁၀၄၄၃)ဦး၊ ပြည်ပ ဧည့်သည် (၅၂၅)ဦး လာရောက်ခဲ့သည့်အတွက် မိမိတို့လုပ်ငန်းခွင်အတွင်း ခရီးသွားဧည့်သည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝန်ဆောင်မှုပေးခြင်း ဖြင့်လည်းကောင်း ကျန်းမာရေးနှင့် လုံခြုံမှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ဝိုင်းဝန်းထိန်သိမ်းကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတာကာလအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆင့်ပွါးသင်တန်းစုစုပေါင်း(၆)ကြိမ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ငပလီကမ်းခြေဒေသ သန့်ရှင်းသာယာ လှပရေး အတွက်လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဧည့်သည်နှင့် ဝန်ဆောင်မှုပေးသူများ ပါဆောင်ရန်၊ ရှောင်ရန်အချက်များသိရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ခရီးသွားလုပ်ငန်းတစ်ရပ် ပေါ်ထွန်း လာစေရေးအတွက် ယခုဖွင့်လှစ်သည့် အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးနှင့် အမိန့်ညွှန်ကြားချက်ဆိုင်ရာများ၊ ခရီးသွား ဧည့်သည်များအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဝန်ဆောင်မှုပေးရေး၊ ကမ်းခြေသာယာလှပရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ရေးနှင့် တာဝန်သိခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာစေရေးဆိုင်ရာများကို သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ဟောပြော ဆွေးနွေးခဲ့ကြသည်။
၎င်းဟောပြောပွဲသို့ ငပလီကမ်းခြေဒေသရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များ၊ အပျော်စီးလှေ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်