မိတ္ထီလာ ဖေဖော်ဝါရီ ၂၄
မိတ္ထီလာမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဇီးချိုကုန်းကျေးရွာ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက စံပြနွေစပါး စိုက်ဧက ၅၀ တွင် စိုက်ပျိုးမည့် တောင်သူများအနေဖြင့် စပါး တစ်ဧကအထွက်နှုန်း တိုးတက် စေရေးတို့အတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကျင့်သုံးစေရန် နည်းပညာများ ဆွေးနွေးရာ တွင် မျိုးကောင်း မျိုးသန့် ရွေးခြယ်စိုက်ပျိုးရန်၊ဘောင်းစနစ်ဖြင့် စိုက်ပျိုးရန်၊ တစ်ဧက ကောက်ကွက် တစ်သိန်းငါးသောင်းဝင်ဆံ့ရန် အတန်းလိုက်စိုက်ပျိုးရန်၊ ပင်ပွားအရေအတွက်များစေရန် ရေသွင်းရေခမ်းစနစ်ဖြင့် ဆောင်ရွက်ရန်၊ ပေါက်မြက်ကင်းစေရေး နုတ်ပယ်ရန်၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာအချိုးချသုံးစွဲရန်နှင့် အလေအလွှင့်နည်း ပါးစွာဖြင့် ရိတ်သိမ်းရန်စသည့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးက တစ်ဧက မျိုးစပါး တစ်တင်းခွဲနှုန်းဖြင့် စံပြနွေစပါးစိုက်ဧက ၅၀ အတွက် မျိုးစပါး ၇၅ တင်းကို တောင်သူ ၂၅ ဦးအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးကို လျှော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင် ကိုင်း၊ တောမ၊ ထမုန်ကန်၊ ခင်လူး၊ မုန်တိုင်၊ သီးကုန်း၊ ကုက္ကိုကုန်း၊ ကွက်ငယ်၊ ရှမ်းမငယ်ကျေးရွာ အုပ်စုများရှိ ကွင်း ၂၃ ကွင်းတွင် နွေစပါးစိုက်ဧက ၈၀၀ကျော် စိုက်ပျိုးနိုင်ရေး လျာထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)