ပူတာအိုခရိုင်၌ ကြိမ်၊ ဝါးလက်မှုထည် ရက်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ပူတာအို ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ တောင်းဆိုသော ကြိမ်၊ ဝါးလက်မှုထည် ရက်လုပ်မှု နည်းပညာသင်တန်းကို ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် ဖေဖော်ဝါရီ(၂၁)ရက်မှ မတ်လ(၇) ရက်နေ့အထိ ရက်သတ္တပတ်(၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။

သင်တန်းတွင် ကြိမ်၊ ဝါး တာရှည်ခံနည်းပညာ၊ လက်မှုထည်အမျိုးမျိုး ထုတ်လုပ်မှုနှင့် ဝါးစိုက်ပျိုး နည်းပညာရပ်များကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်စိုးနှင့် စက်မှုကျွမ်းကျင် ဒုတိယဦးစီးမှူး ဦးချန်းယော်တို့မှ သင်ကြားပို့ချလျက်ရှိရာ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များ ဖြစ်သည့် ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ် ဒေသမှ ဒေသခံပြည်သူ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး စိတ်ပါဝင်စားစွာ တက်ရောက် သင်ကြားလျက်ရှိသည်။

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ရိုးရာပန်း(၁၀)မျိုးပါ လက်မှုအနုပညာများ တိမ်ကော ပပျောက်မှုမရှိစေရေး၊ ပြည်တွင်း ပြည်ပ ဈေကွက်မြှင့်တင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၌ MHC မြန်မာ့ လက်မှုအမှတ်တရ အရောင်းပြခန်းကို ဖေဖော်ဝါရီ(၅)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ မြန်မာ့ လက်မှုထည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)