မုဒုံ ဖေဖော်ဝါရီ ၂၄
ကိုဗစ်-၁၉ရောဂါ အပါအဝင် မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများက အ.ထ.က(ကမာဝက်)၊ အ.လ.က (ကမာဝက်)၊ ကမာဝက်မြို့ရှိ မွန်စာသင်ကျောင်းနှင့် အ.ထ.က (တံခွန်တိုင်) စာသင်ကျောင်းများသို့ သွားရောက်ပြီး စာသင်ကျောင်း များတွင် လက်ဆေးဘေစင် ရှိ/မရှိ၊ အပူချိန်တိုင်း ကိရိယာများထားရှိမှုနှင့် စာသင်ခန်းများတွင် တစ်ဦးနှင့်တစ်ဦး (၃) ပေအကွာနေထိုင်ရန် စသည့် ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်မှုများ၊ ကျောင်းတွင်းသန့်ရှင်းမှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် ကျန်းမာရေးဗဟုသုတများ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ပိုးသတ်ဆေး အချိုးကျဖော်စပ်ပြီး နည်းစနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်စေရန် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များမှ လက်တွေ့သရုပ်ပြသပြီး ကျောင်းဝင်းများအတွင်းရှိ စာသင်ခန်းများ၊ ပြတင်း ပေါက်များနှင့် ကျောင်းသား/ ကျောင်းသူများ ကိုင်တွယ်ထိတွေ့မှု အများဆုံးနေရာများ၌ ပိုးသတ်ဆေးလိုက်လံ ဖျန်းပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)