ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားအုန်းဆီများကိုဈေးကားဖြင့် လှည့်လည်၍လက်လီရောင်းချပေးလျက်ရှိ

ကျောက်ပန်းတောင်း   ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံး စွဲနိုင်ရေးအတွက်၊ စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ စားအုန်းဆီလက်လီ ရောင်းချခြင်းများကို၊ ယနေ့ နံနက်(၉)နာရီက သတ်မှတ်အရောင်းဆိုင်များအပြင် ဈေးကားဖြင့် လှည့် လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ရှိ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာနိုင်ငံဆီ ကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချနေ ခြင်းဖြစ်ရာ၊ ဆီလုပ်ငန်းရှင်အရောင်းဆိုင်များအပြင် မြို့လူစည်ကားရာနေရာများတွင် ဈေးအရောင်း ကားဖြင့်လည်း လှည့်လည်ရောင်းချပေး နေကြောင်း သိရသည်။ “ ကျွန်မတို့ စားသုံးသူပြည်သူတွေ ဈေးသက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဒီစားအုန်းဆီတွေကို မြန်မာနိုင်ငံဆီလုပ် ငန်းရှင်ကြီးများ အသင်းက ဗဟိုဘဏ်ကရောင်းချတဲ့ဒေါ်လာနဲ့ဝယ်ယူပြီး၊ အမြို့မြို့အနယ်နယ်မှာရှိတဲ့ ဆီလုပ်ငန်းရှင်များ နဲ့ပူးပေါင်းပြီး သတ်မှတ်ဈေးနဲ့ ဈေးနှုန်းသက်သာအောင် ရောင်းချပေး တာပါ…ကျွန်မတို့ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနအနေနဲ့တော့ ဆီလုပ်ငန်းရှင်တွေရောင်းချနေမှုအပေါ် သတ်မှတ်ဈေးနှုန်းနဲ့ရောင်းချခြင်း ရှိ/မရှိနဲ့ စားအုန်းဆီအရည် အသွေးမှန်ကန်မှုရှိအောင် ကြီးကြပ်ကူညီဆောင်ရွက်ပေးနေတာပါ…” ဟု စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်းကပြောသည်။ အဆိုပါ စားအုန်းဆီ လက်လီ ရောင်းချခြင်းကို (၁)ပိဿာလျှင် ငွေကျပ်(၄၉၀၀)ဖြင့်ရောင်းချခြင်းဖြစ်ပြီး၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်သာသောဈေးနှုန်းဖြင့် လက်လီရောင်းချမှုကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ပုဇွန်နှစ်ကောင်း ဆီရောင်းဝယ်ရေး၊ စူပါမင်းဆီရောင်းဝယ်ရေး၊လျှံလျှံဟိန်း ဆီရောင်း ဝယ်ရေး၊ OKဆီရောင်းဝယ်ရေးနှင့် ဖေးဘရိတ်ဆီရောင်းဝယ်ရေးလုပ်ငန်းတို့မှ အထိုင်ရောင်းချပေးနေပြီး၊ ဝင်းထိုက် ဆီရောင်းဝယ်ရေးမှ ဈေးကားဖြင့် လှည့်လည်ရောင်းချပေး နေကြောင်းနှင့် ယခုအကြိမ်သည်(၁၁)ကြိမ်မြောက် ရောင်းချခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် ဆီပိသာချိန်(၃၅၀၀)ကျော်ခန့်ရောင်းချရကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)