နမ့်ခမ်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုလျော့နည်း ပျောက်ကင်းစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များက ပူးပေါင်း၍ နှာခေါင်းစည်း (Mask Campaing) လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူစည်ကားရာ နေရာများဖြစ်သည့် စည်ပင်သာယာ မြို့မဈေး အတွင်းအပြင်နှင့် လမ်းဆုံနေရာများ၌ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများ ပြန်လည်တွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါအပါအဝင် ရောဂါကူးစက်ပျံ့နှံ့မှု များမှ ကြိုတင်ကာကွယ်နိုင်စေရန် ပြည်သူများမှ နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သည့် သတိနှင့် အလေ့အကျင့်များ ရရှိစေရန် (Mask Campaing)လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ လမ်းဆုံနေရာ များတွင် လမ်းသွားလမ်းလာပြည်သူများ၊ ဒေသအစုံမှ ဈေးရောင်း ဈေးဝယ်ပြုလုပ်သည့် စည်ပင်သာယာမြို့မစျေး စျေးအတွင်းအပြင်၌ ဈေးရောင်းဈေးဝယ်သည့် ပြည်သူများအား နှာခေါင်းစည်း မတပ်ဆင်သူများ၊ ဟောင်းနွမ်းသည့် နှာခေါင်းစည်း တပ်ဆင် သုံးစွဲနေသူများ၊ အဝတ်နှာခေါင်းစည်း တပ်ဆင်နေသူများကို နှာခေါင်းစည်း(Mask) ဖြန့်ဝေပေးပြီး စျေးရောင်း စျေးဝယ်ပြည်သူများ အယောက်စီတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှ အရောင်းအဝယ် ပြုလုပ်ကြရန် လိုက်လံနှိုးဆော်ခဲ့သည်။
နမ့်ခမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းပျောက်ကင်းနိုင်စေရန်အတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီများနှင့် လူမှုရေး ပရဟိတအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများ ကပ်နှံပြသခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ (Mask Campaing) လှုပ်ရှားမှု ပြုလုပ်ခြင်းစသည့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း )