သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၂၄

ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ ၊ မီးလန့်မှုများ မဖြစ်ပွား စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၃နာရီ အချိန်က မြို့တွင်းရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့ပေါ်ရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာအတွင်း နေထိုင်ကြသူများ အားလုံး အိမ်ခြံဝင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် လှေကားများ စနစ်တကျထားရှိရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာ ဆောင်ထားရန်၊ လောင်စာဆီများ သိုလှောင်မထားရန် စသည့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအချက်များနှင့် မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်မီး သုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အသုံးပြုခြင်းများ၊ ဓာတ်ဆီ ဖြည့်/လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်းနှင့် အဆိုပါ အချက်များအား လိုက်နာမှုမရှိပါက မီးသတ်တပ်ဖွဲ့နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်လေး