တံတားဦး ဖေဖော်ဝါရီ ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာဖွေဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပကြောင်းသိရသည် ။
ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘို မောင်က မသန်စွမ်းသူများသည် စွမ်းနိုင်ပါကြောင်း ၊ သို့အတွက်အကြောင့် မသန်စွမ်းသူများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ ချက်များကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက မသန်စွမ်း သူများအခွင့်အရေးဆိုင်ရာအကြောင်း ပြောကြားရာတွင် ၂၀၁၄-ခုနှစ်အရ သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံတွင်လူဦးရေ ၅၁ ဒဿမ ၄ သန်းပြီး မသန်စွမ်းသူများမှာ ၂၃ သိန်းရှိပါကြောင်း ၊ ကိုယ်အင်္ဂါမသန်းစွမ်းခြင်း ၊ အကြောအာရုံ မသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူများရှိပါကြောင်း ၊ မသန်စွမ်းသူများနှင့် ပတ်သတ်ပြီး အခွင့်အရေးများဖော်ဆောင်ရန်အတွက် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုး ထားပါကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရန်နှင့် မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ပါကြောင်း ၊ မသန်စွမ်းသူများအတွက် နိုင်ငံရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာစသော နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ ပေါင်းစည်းပါဝင်ရေးအကြောင်းပါဝင်ကြောင်း သိရသည် ။
မန္တလေးတိုင်းဒေသကြီးတွင် နားမကြားသောကလေးများအတွက် လူတိုင်းအကျုံးဝင်စေရေး ပညာရေးစနစ်ကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း ၊ အမြင်အာရုံချို့တဲ့ သူများတွက် အထူးပညာရေးကျောင်းဖွင့်လှစ်ရန် လျာထားလျက်ရှိပါကြောင်း ၊ နားမကြားသူများနှင့် ဆက်သွယ်မှုလွယ်ကူရန် သင်တန်းများဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင် နားမကြားသောကလေးများကျောင်း(၁)ကျောင်းနှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၁)ကျောင်း ဖွင့်လှစ်ထားရှိပါကြောင်း သိရသည်။
ဦးရဲတင့်