အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ် ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ဝန်ထမ်းများက ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်းဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် ဈေးများအတွင်းသို့ လှည့်လည်ကာ နှိုးဆော်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာနေကြရန်နှင့် လက်ကို စနစ်တကျ ဆေးကြောရန်စသည့် အသိပညာပေး သိကောင်းစရာ များကို နှိုးဆော်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဈေးများတွင်လည်း တာဝန်ရှိသူများက ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အလားတူ ဈေးများ၏ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေး ဘေစင်များ ထားရှိပေးခြင်းနှင့် ဈေးအဝင်ဝတွင် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်စသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်အကြောင်း သိကောင်းစရာများကို ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက အသိပညာပေး ဆောင်လျက်ရှိကြောင်း သိရသည်။   

ဇွဲထက်ကို