မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

မိုင်းငေါ့   ဖေဖော်ဝါရီ   ၂၄

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက မြို့အဝင်လမ်းဆုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး‌ရှေ့တို့၌ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ လှုပ်ရှားဆောင်ရွက်မှုကို မိုင်းငေါ့မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်စိုးအောင် ဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် Omicron (အိုမီခရွန်) ကူးစက်မှုမှ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန်တို့ကို အသိပညာပေး ပြောကြားခဲ့ပြီးနောက် နှာခေါင်းစည်း Mask အခု (၃၀၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း  မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ် (ပြန်/ဆက်)