သံဖြူဇရပ် ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကူးစက်မှုများပြားလာပြီး ၊ မိမိတို့မြို့နယ်အတွင်းတွင်လည်း ပိုးတွေ့ရှိသူ (၁၄၃) ဦးခန့်ရှိပြီးဖြစ်၍ မိမိတို့မြို့နယ်အစီအစဉ်ဖြင့် Quarantine Center ထားရှိနိုင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် Version-7 နှင့်အညီ ဆောင်ရွက်ရမည့်အစီအစဉ် ရှင်းလင်းဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ များတွင်လည်း Quarantine Center များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်အရ ပူးပေါင်းဆွေးနွေး ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာမင်းသန့်ဇင်မှ ဆေးရုံတက်လူနာများအား စစ်ဆေးထားရှိမှုနှင့် ဆောင်ရွက် ထားသည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက်မြို့နယ် သူနာပြုကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းကလည်း မိမိမြို့နယ်အတွင်း ပြုလုပ်ရမည့်လုပ်ငန်းများကို တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့ဝင်များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေရေးပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ လည်းလုပ်ငန်းလိုအပ်ချက်များကိုတင်ပြဆွေးနွေးရာ တာဝန်ရှိသူမှ ပြန်လည်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးသီ ( ပြန်/ဆက် )