သိန္နီမြို့တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများဆောင်ရွက်

သိန္နီ    ဖေဖော်ဝါရီ ၂၃

 ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယနေ့ နေ့လည် (၁:၀၀)နာရီအချိန်က မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် ကြုံတွေ့လာပါက အလျင်အမြန် မီးငြိှမ်းသတ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်၊၊

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက မြို့မဈေးအတွင်း၊ မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး ထားရှိမှုများ၊ ရေသိုလှောင်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

 ထို့နောက်မြို့မဈေးကြီးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ်က မီးဘေးလုံခြုံရေးသတိအမြဲရှိရန်၊ မီးအားစနစ်တကျသုံးစွဲစေရန်၊ မီးသတ်ဆေးဘူးများ ထား ရှိခြင်း၏ ရည်ရွယ်ချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျန်အမြန်ဝိုင်းဝန်း၍ ငြှိမ်းသတ်ကြရန် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မီးလောင်မှု မီးလန့်မှုများ ဖြစ်ပေါ် လာပါက မီးသတ်ဆေးဘူးအား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ဈေးသူ/ဈေးသားများအား လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်စေခဲ့ကြောင်း သတင်းရရှိသည်။

စုမြတ်(သိန္နီ)