ဒေါပုံ ဖေဖော်ဝါရီ ၂၄
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်များအရောက် နေစဉ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးသူများအား ကတ်ပြားများကို ပြည်သူများထံအရောက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၅)ကတ်အား ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူး ဒုတိယညွန်ကြားရေးမှုးဦးသန်းအေးနှင့် မြို့နယ် လ ဝ က မှူးတို့က ပြည်သူများ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ရာသို့ ရောက်ရှိလာသော ပြည်သူများကို ဒုတိယညွန်ကြားရေးမှုးဦးသန်းအေးက နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိလျှင် ကြုံတွေ့ရသောအခက်အခဲများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)