ရန်ကုန် ဖေဖော်ဝါရီ ၂၄
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အတွက် မီးဘေးကြိုတင် ကာကွယ် ရေးနှင့် သရုပ်ပြသခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက အမှတ်(၄၉) စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် ဈေးတာဝန်ခံနှင့် ဈေးစည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးသူဈေးသား များအား မြို့နယ်မီးသတ် တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင် ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ် ဆေးဘူး ကိုင်တွယ်၍ အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြခြင်းနှင် မိမိတို့ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး ရေပုံးများကို စီစဉ်ဆောင်ရွက်ထားရှိရန်၊ မီးဘေးနှင့် ပတ်သက်သည့် အသိပညာပေး ဆောင်ပုဒ်များကို လူများထင်သာမြင်သာနေရာများ တွင် ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာ၌ မီးဘေးလုံခြုံရေးအတွက် အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးခြင်းနှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်နှင့် မီးဘေး အန္တရာယ် ကြုံတွေ့ပါ က သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန်တို့ကို ဈေးတာဝန်ခံများအား ဆွေးနွေးမှာကြားခဲ့ပြီး၊ ဈေးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခြင်းခဲ့ကြကြောင်း သိရသည်။
ဈေးအတွင်း ကုန်ခြောက်ရောင်းချသူတစ်ဦးမှလည်း" ကျွန်တော်တို့ ဈေးမှာ အခုလို မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်ရှင်းလင်းပြသပေးတဲ့အတွက် ကျွန်တော်တို့ မသိနားမလည်တာတွေ သိရတယ်၊ မီးသတ်ဆေးဘူးအသုံးပြုပုံကို လက်တွေ့ပြသပေးတဲ့အတွက် မီးလောင်မှုဖြစ်ပေါ်လာခဲ့ရင်လည်း အလွယ် တကူ အမြန်ဆုံးငြိမ်းသတ်နိုင် တော့မှာဖြစ်ပါ တယ်"ဟု ပြောကြားခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)