ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက mask တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ခရမ်း ဩဂုတ် ၂၈

ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း  နှာခေါင်းစည်း (Mask) တပ်ဆင်ရေး   အရှိန် အဟုန်မြှင့် ဆောင်ရွက်ခြင်းကို    ယနေ့နံနက်(၇)နာရီက ခရမ်းမြို့ လူစည်ကားရာ နေရာများဖြစ်သော ကားဂိတ်များ၊ ဆိုက်ကား ဂိတ်များနှင့်  ဈေးအဝင်/အထွက် အပေါက်နေရာများ၊ မြို့အတွင်းသို့ ဝင်ရောက်သည့် လမ်းစုံများတွင် အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း(Mask) များ တပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး ဇော်မင်းဦး တို့ ဦးဆောင်၍ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ ဝင်များ၊ ဈေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  အဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော မြို့မဈေး အဝင်/အထွက် အပေါက်နေရာများတွင် လမ်းသွားလမ်းလာ များအား နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေရန် အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက် လာပါ က နှာခေါင်းစည်း(Mask)များတပ်ဆင်ပြီးမှသွားလာရန်၊ Hand Gel များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန် သတ်မှတ် ဦးရေထက် ပိုမိုစုဝေးခြင်းမပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)