သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၈၀၀ စိုက်ပျိုးရန်လျာထား စိုက်ပျိုးမည့်တောင်သူများအား နည်းပညာများ ကွင်းဆင်းပို့ချပေးလျက်ရှိ

 သာစည်   ဖေဖော်ဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၈၀၀ စိုက်ပျိုးရန် လျာထားကြောင်း နှင့် စိုက်ပျိုးမည့်တောင်သူများအား နည်းပညာများ ကွင်းဆင်းပို့ချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးငွေထံက သိရသည်။

အဆိုပါ လျာထားဧက ၁၈၀၀ ကို ကျေးရွာအုပ်စု ၁၆ အုပ်စုတွင် စိုက်ပျိုးရန်လျာထားပြီး ဧက ၁၅၀၀ ကို မင်းလှကန်ရေဖြင့် လည်းကောင်း၊ ဧက ၃၀၀ ကို ညောင်ရမ်းကန်‌ရေဖြင့်လည်းကောင်း စိုက်ပျိုးမည်ဖြစ် ကြောင်းနှင့် လျာထားဧက ၁၈၀၀ တွင်မျိုးသန့်မျိုးစေ့ထုတ် ၂၅၀ ဧကနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ်ဧက ၂၅၀ တို့အား မျိုးသန့်မျိုးစေ့ထုတ်ဧကများအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းထံက ဆက် လက်သိရသည်။ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၈၀၀ စိုက်ပျိုးမည့်တောင်သူများ  အကျိုးဖြစ်ထွန်းစေရန်အတွက် အပင်ပြုစုခြင်းလုပ်ငန်းများ၊ ဓါတ်မြေဩဇာ စနစ်တကျ အချိန်ကိုက် အချိုးညီသုံးစွဲခြင်း၊ သဘာဝမြေဩဇာများသုံးစွဲခြင်းနှင့် ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေးစသည်ဖြင့် နည်းပညာများ ကွင်းဆင်း ပို့ချပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ နည်းပညာများ ကွင်းဆင်းပို့ချပေးလျက်ရှိရာ ကျေးရွာအုပ်စု ၁၁ အုပ်စု ကျေးရွာ ၁၂ ရွာမှ တောင်သူ ၃၈၀ ဦးကျော်ကို နည်းပညာများ ကွင်းဆင်းပို့ချပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ထွန်းထွန်း

မြို့နယ် (ပြန်/ဆက်)