ရပ်စောက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် မြို့နယ်များမှ ဝင်ရောက်လာသူများကြောင့် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက်မှုမရှိစေရေးအတွက် မြို့ဝင်ပေါက်များတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Mask Campaing များ ဆောင်ရွက်ပြီး Mask မတပ်ဆင်သူများကို (RDT) Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ  ကူးစက်မှု ကာကွယ်နိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိပါက ပိတ်သိမ်းအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)