မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ပထမ(၆)လပတ် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တာကော်ကျေးရွာ အုပ်စု၊ ဟွေဟင်-၇မိုင် ကျေးရွာအား နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် (၆.၄)သန်း စုစုပေါင်း ငွေကျပ်(၁၆.၄)သန်းဖြင့် ကျေးရွာဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် စီမံကိန်းတာဝန်ခံ ဦးအောင်ကျင်ဖိုက် တို့မှ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရန် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြား စစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်