သင်္ဃန်းကျွန်းမြို့နယ်တွင် Mask Campaign ပြုလုပ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်၏ ကြီးကြပ်မှုဖြင့် သင်္ဃန်းကျွန်းဈေးနှင့် ကားဂိတ်များတွင် ယနေ့နံနက် ၈နာရီအချိန်က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်း သိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့်  ပါးစပ်နှင့် နှာခေါင်းစည်း Mask အပြင် Face shield ကိုပါ စနစ်တကျ ဝတ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲ Mask ဝတ်ဆင်ပြီးမှ ဝယ်ယူကြစေရေး၊ အသိပညာပေး ပြောကြားလျက် Mask များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စန္ဒာမိုး