မိုးညှင်းမြို့၌ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသည့် ကျောက်ကပ်ဆေးခန်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ လူနာရှင်များအတွက် များစွာအကျိုးရှိမည်ဖြစ်

မိုးညှင်း ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ၊ စေတနာအလှူရှင် များနှင့် အခြားနယ်ဝေးဒေသများမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသည့် ကျောက်ကပ်ဆေးခန်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ ကျောက်ကပ်ဝေဒနာ ခံစားနေရသော လူနာရှင်များအတွက် များစွာအကျိုးရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးခန်းတည်ဆောက်ရာတွင် မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်းတိုက်ပဓာန နာယက ဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒိမာ၊ ဥတ္တရာ ရာမကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒိယအရှင်သူမြတ်တို့ ဦးဆောင်၍ ဦးစန္ဒောဘာသ (ဥတ္တရာရာမကျောင်းတိုက်)မှ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ မိုးညှင်းမြို့နယ်အပြင် မြို့နယ်နှင့် နီးစပ်သည့် အခြားဒေသများမှ ကျောက်ကပ်ဝေဒနာများ ခံစားနေရသော လူနာရှင်များအတွက် ကျောက်ကပ်ဆေးခန်းကို တည်ဆောက်လျက်ရှိသည်။

“အခုအချိန်မှာတော့ ကျောက်ကပ်ဆေးခန်း အဆောက်အအုံ တည်ဆောက်နေမှုမှာ ၁၀၀% ပြီးစီးနေပါပြီ။ လတ်တလော ကျောက်ကပ်ဆေးစက်နှစ်လုံးအား တပ်ဆင်လို့ပြီးစီးနေပြီဖြစ်လို့ ကျောက်ကပ် ဆေးစက်အား စမ်းသပ်နေပါတယ်။ ထပ်မံ၍ ကျောက်ကပ်ဆေးစက်များ ဝယ်ယူပြီး တပ်ဆင်ပေး သွားဦးမယ်” ဟု ကျောက်ကပ်ဆေးခန်းတာဝန်ခံ ဦးစန္ဒောဘာသက ပြောပြ၍ သိရသည်။

ထိုကျောက်ကပ်ဆေးခန်း၌ စက်စမ်းကာလ(၄)လအနေဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မိုးညှင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ရပ်နီးရပ်ဝေးဒေသများမှ ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသည့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်များကို ကျောက်ကပ်ဆေးကြောပေးခြင်းအား စမ်းသပ် ဆောင်ရွက်ပေးခဲ့ သည်။

မိုးညှင်းမြို့တွင် ကျောက်ကပ်ဆေးခန်း ဖွင့်လှစ်ပြီးပါက မြို့ပေါ်ရပ်ကွက်များနှင့် အခြားရပ်နီးရပ်ဝေး ဒေသများမှ ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသူများအတွက် လူမျိုးမရွေး ဘာသာမရွေး ကုသပေးသွားမည်ဖြစ်ကြောင်း၊ ငွေကြေးများစွာ အကုန်ကျခံ၍ ကျောက်ကပ်ဆေးရန် ကုသဖို့အတွက် သွားစရာမလိုတော့ဘဲ စရိတ်လည်းသက်သာ၊ အချိန်လည်းသက်သာစွာဖြင့် မိုးညှင်းမြို့၌ ကျောက်ကပ်ဆေးကြောနိုင်တော့မည်ဖြစ်ကြောင်းနှင့် ကျောက်ကပ်တစ်ကြိမ် ဆေးကြောပါက ငွေကျပ်လေးသောင်းနှုန်းဖြင့် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)