မိုင်းဖြတ်မြို့နယ်၌ ဝမ်နောင်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေများရရှိ

မိုင်းဖြတ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာနေ ပြည်သူများသည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းဖြင့်  မိသားစု ဝင်ငွေများရရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သူ တောင်သူများထံက သိရသည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ပတ်သက်ပြီး ဝမ်နောင်ကျေးရွာနေ ဒေါ်နန်းခမ်းက  ကျွန်မစိုက်ခင်းမှာတော့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ နံနံပင်၊ ပဲသီး၊ ခရမ်းသီးတို့ကို အဓိကထားစိုက်ပျိုးပါတယ်၊ ရွှေပဲရွက်ကိုတော့ အရွက်စား၊ အသီးစားနှစ်မျိုးစိုက်ပါတယ်၊ ကျွန်မတို့ဝမ်နောင်ကျေးရွာက စိုက်ပျိုးရေး လုပ်ကိုင်သူတွေက တော့ ရေချောင်းဘေးမှာ အများဆုံး စိုက်ပျိုးကြတဲ့အတွက် စိုက်ပျိုးသီးနှံတွေကို ရေသီးသန့်လောင်းရတာမရှိပါဘူး၊ ပူးပြင်းတဲ့ နွေရာသီကာလမှာ လိုအပ်ရင်တော့ ရေကိုလှောင်းပေးကြရပါတယ်၊ ခြံထွက် တဲ့သီးနှံတွေကိုခူးဆွတ်ပြီ နေ့စဉ် ဈေးမှာသွားရောင်းရကြောင်း ပြောကြားသည်။ 

အဆိုပါ ဝမ်နောင်ကျေးရွာနေ ပြည်သူများသည် အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပြီး အများဆုံး မိုးစပါးစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသည်။ မိုးစပါးရိတ်သိမ်းချိန်ပြီးသည့် ကာလများနောက် နမ့်လုံချောင်းကိုအမှီပြုကာ ရာသီပေါ် ဟင်းသီးဟင်းရွက်များကို ပြောင်းလဲစိုက်ပျိုးကြပြီး အခြားသီးနှံများဖြစ်သည့် သီးစားပြောင်း၊ ပဲပုပ်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း ကျေးရွာနေပြည်သူများထံက သိရသည်။

သန်းထွန်းအေး