ကျိုင်းတုံ ဖေဖော်ဝါရီ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က လွိုင်မွေကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများထံ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ်ရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးယာစိုးဘိုနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် လွိုင်မွေကျေးရွာ အုပ်စု၊ နောင်လျန်ထက် (၂၁) မိုင်ရွာ၊ နောင်လျန်အောက်ရွာ၊ ဖာသဲရွာ၊ (၁၉) မိုင်ရွာ၊ ပန်မတ်ဖိုင်းရွာများရှိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ၁၈ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ပျက်မိတ္တူ ဆောင်ရွက်သူ ၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ဆောင်ရွက်သူ ၁၄ ဦးအား အခမဲ့ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ပြုလုပ်ပေးခြင်းကို ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)