ကျိုင်းတုံ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့က မြို့နယ်အတွင်းအရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးအသီးတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သား ဆေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူ ဒေသခံပြည်သူ ၂၅၃ ဦး၊ ဒုတိယအကြိမ်ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူ ၁၇၄ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူ ကျောင်းသား၊ ကျောင်းသူ ၇၈၆ ဦးအား ဆေးထိုးစုရပ်နေရာ အသီးအသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ စနစ်တကျထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ Covid Shield၊ Sinopharm၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၁၈ နှစ် အထက် ၆၇၉၃၉ ဦး၊ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူ ၅၈၆၀ ဦး တို့အားထိုးနှံ ပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)