ပင်လုံ ဩဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ပင်လုံမြို့ ဝမ်အင် အ.မ.က ကျောင်းရှိ မြို့ဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ကာ ပင်လုံမြို့သို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်စေခြင်း၊ စနစ်တကျ လက်ဆေး စေခြင်း၊ လူစုလူဝေးရှိသည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်နိုင်ရန် အသိပညာပေးခြင်း လုပ်ငန်း များအား ယနေ့ နံနက် ၈ နာရီမှ စတင်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီနှင့် ယာဉ် ထိန်းရဲတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း၊ အရပ်ဖက်လူမှုကူညီရေးအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ ပင်လုံ)