နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အမှတ်(၃)စပါးအထွက်တိုးစခန်း မြေနေရာကို မြို့နယ် တောင်သူလယ်သမားများ အသင်းအဖွဲ့ရုံး မြေနေရာအဖြစ် တင်ပြလျှောက်ထားမှုအပေါ် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်များအား ချပြရှင်းလင်း

နမ့်ခမ်း ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ  စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြိုနယ်စိုက်ပျိုးရေး ဦးစီးဌာန၏ အမှတ်(၃)စပါး အထွက်တိုး စခန်းမြေနေရာကို မြို့နယ် တောင်သူလယ်သမားများ အသင်း အဖွဲ့အတွက် ရုံးမြေနေရာအဖြစ် တင်ပြလျှောက်ထားမှုအပေါ် စိုက်ပျိုးရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်များအား ချပြ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ရှေဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေမှ နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးအထွက်တိုးရေး လုပ်ငန်းများ အသုံးပြုဆောင်ရွက်ရန်အတွက် ၁၉၉၃-ခုနှစ်က ခွင့်ပြုပေးထားသည့် နမ့်ခမ်းမြို့၊ ပေါက်တိုက်ရပ်ကွက်၊ အကွက်အမှတ်(၆၇)၊ ဦးပိုင်အမှတ်(၉)၊ မြေဧရိယာ(၀.၁၇၄)ဧကရှိသည့် အမှတ်(၃)စပါးအထွက်တိုးစခန်း မြေနေရာအား နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားများအသင်းအဖွဲ့ ရုံးမြေနေရာအဖြစ် မြေနေရာချထားပေးနိုင်ပါရန် မြို့နယ် တောင်သူ လယ်သမားများအသင်းအဖွဲ့မှ တင်ပြလျှောက်ထားလာမှုနှင့်ပတ်သက်၍  စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပေးပို့အကြောင်းကြား လာသည့် သဘောထားမှတ်ချက်များကို ရှင်းလင်းပေးပြီး နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က စိုက်ပျိုးရေးဝန်ကြီး ဌာန၏ သဘောထားမှတ်ချက်များအတိုင်း စိုက်ပျိုးရေးဦးစီးဌာန၏ အမှတ်(၃)စပါးအထွက်တိုးစခန်း မြေနေရာကို မြို့နယ် တောင်သူလယ်သမားများ အသင်းအဖွဲ့ရုံးမြေနေရာအဖြစ် မြေနေရာချထား နိုင်ရေး အတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ လွှဲပြောင်းပေးနိုင်ရန်အတွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်တောင်သူလယ်သမားကိုယ်စားလှယ်များမှ အဆိုပါမြေနေရာကို မြို့နယ် တောင်သူလယ်သမားများ အသင်း အဖွဲ့ရုံး မြေနေရာအဖြစ် ချထားပေးနိုင်ရေးအတွက် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်များအပေါ် သိရှိလိုသည်များ ဆွေးနွေး မေးမြန်းခဲ့ရာ စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး တို့က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)