ဒေါပုံ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်များ အရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် ဓမ္မာရုံဝန်း အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသော ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးမိုးကျော်သူညွန့်နှင့် ဒုလဝကမှူး ဒေါ်ဝါဝါဆွေဦးဆောင်သောအဖွဲ့က ကြည်စုရပ်ကွက်ရှိ ဓမ္မာရုံဝန်းအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသောရပ်ကွက်နေ ပြည်သူအသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူ(၁၄)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၈)ဦး၊ လဲလှယ်(၂၀)ဦး စုစုပေါင်း (၄၂) ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒေါပုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကိုနေ့စဉ် အခမဲ့ပြုလုပ်ပေးလျက်ရှိပြီး မြို့နယ်လဝက ဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)