ကျိုင်းတောင်းမြို့၌ ပထမအကြိမ် COVID-19 ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ

ကျိုင်းတောင်း  ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပထမအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နေ့လည် ၁ နာရီခွဲ အချိန်က စတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမစုရပ်၌  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတောင်းတပ်နယ်ဆေးရုံမှ တာဝန်ရှိသူ သူနာပြုအရာရှိနှင့် သူနာပြုများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများတို့က လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေးကို လုံးဝမထိုးနှံရသေးသူများကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံမှသိရ သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာ၌ အသက်(၁၂) အထက် ကျောင်းသား (၁၂) ဦး ၊ ကျောင်းသူ (၁၇) ဦးပေါင်း (၂၉) ဦးတို့အား COVID-19 ကာကွယ်ဆေး (Sinovac) များထိုးနှံပေးပြီး ဆက်လက်၍ ကျိုင်းတောင်းမြို့ ရပ်ကွက်အတွင်းရှိ အသက် (၁၈) နှစ်အထက် ကျား (၃၆) ဦး၊ မ (၄၁) ဦးပေါင်း (၇၇) ဦးတို့ကို COVID-19 ကာကွယ်ဆေး (Covid Shield)များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)