ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ပုံပါကျင်  ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့် အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီ ဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်‌နေ့က ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာနေ လီဆူတိုင်းရင်းသားများထံသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းတုံမြို့နယ်ဦးစီးမှူးဦးစီးအရာရှိ ဦးအောင်အောင်ထွန်းနှင့် ဝန်ထမ်းများက နားကောင်းမူးကျေးရွာအတွင်းရှိ လီဆူတိုင်းရင်းသားများအား ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာအတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာနေ လီဆူတိုင်းရင်းသားများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်းဆောင် ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့်ရပ်ကွက်၊ ကျေးရွာသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)