ကျောက်ဆည်မြို့နယ် ဗလီကွင်းကျေးရွာ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၃၁၂)သိန်းငါးသောင်းကျပ် ထုတ်ချေးပေး

ကျောက်ဆည်   ဖေဖော်ဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်  မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက  ဗလီကွင်း ကျေးရွာမှ အိမ်ထောင်စု (၁၁၉)စုအား ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၃၁၂)သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများအား တစ်ဦးလျှင် ငွေကျပ်(၂)သိန်းရှစ်သောင်းနှုန်းဖြင့် (၅၀)ဦး အတွက် ငွေကျပ် (၁၄၀)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား တစ်ဦးလျင် ငွေကျပ်(၂)သိန်း ငါးသောင်းကျပ်နှုန်းဖြင့် (၆၉)ဦးအတွက် ငွေကျပ်(၁၇၂)သိန်းငါးသောင်းကျပ် စုစုပေါင်းငွေကျပ်(၃၁၂) သိန်းငါးသောင်းကျပ်  ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်ဗလီကွင်းကျေးရွာတွင် အိမ်ခြေ(၂၃၀)အိမ်၊ အိမ်ထောင်စု(၂၅၇)စု၊ လူဦးရေ (၁၂၆၀)ဦး နေထိုင်လျက်ရှိပြီး ဒုတိယအကြိမ် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြင့်  ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေများ ပိုမို တိုးပွားလာကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)