မိတ္ထီလာမြို့နယ်တွင် ဆီးစိုက်တောင်သူများ ယမန်နှစ်ကထက် ဆီးသီးစျေးနှုန်း ပိုမိုရောင်းချရသဖြင့် အဆင်ပြေလျက်ရှိ

မိတ္ထီလာ   ဖေဖော်ဝါရီလ   ၂၃

မိတ္ထီလာမြို့နယ်တွင် ဆီးစိုက်တောင်သူများ ယမန်နှစ်ကထက် ဆီးသီးစျေးနှုန်း ပိုမိုရောင်းချရသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဆီးစိုက်တောင်သူတစ်ဖြစ်သည့် ဆီးချိုကုန်းကျေးရွာ ဒေါ်ရီမြင့်ထံမှ သိရသည်။

ကျေးရွာမှာရှိတဲ့ ဒေသခံအများစုကတော့ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး လယ်ယာ လုပ်ငန်းများနှင့်အတူ မိမိတို့စိုက်ပျိုးလျက်ရှိသည့် ယာကွက်ကန်သင်းရိုးများတွင် ဆီးပင်များ စိုက်ပျိုးထားရှိရာ ဆီးပင်များစိုက်ပျိုးကြသည့်အတွက် နှစ်စဉ် ၎င်းဆီးပင်များက ထွက်ရှိသည့် ဆီးသီးများ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ ယာကွက် ကန်သင်း ရိုးများတွင် စိုက်ပျိုးထားရှိသည့် ဆီးပင်များက အသီးများကို ပြာသိုလမှ တပေါင်းလအထိ ထွက်ရှိသည်။ ရရှိလာသည့် ဆီးသီးများကို တစ်ပတ်ခန့် နေလှန်းပြီး ဆီးသီးခြောက်အဖြစ် ရောင်းချကြသလို ဆီးသီးအစိုအဖြစ်လည်း ရောင်းချ လျက်ရှိသည်။ ဒီလိုရောင်းချရာတွင် ဆီးသီးကုန်သည်များက ကျေးရွာအရောက် ဆီးသီးများကို လာရောက်ဝယ်ယူလျက်ရှိရာ ဆီးသီးအစို တစ်တင်းလျှင် ငွေကျပ် ၃၀၀၀ နှုန်းနှင့် ဆီးသီးအခြောက် တစ်တင်းလျှင် ငွေကျပ် ၄၂၀၀ မှ ၄၅၀၀ အထိ ရောင်းချရသည့်အတွက် ယမန်နှစ်က ဆီးသီးအခြောက် တစ်တင်းလျှင် ငွေကျပ် ၂၅၀၀ သာ ရောင်းချရသဖြင့် ယခုနှစ်တွင် ဆီးသီးစျေးနှုန်း ကောင်းမွန်၍ ဆီးစိုက်တောင်သူများ မိသားစုဝင်ငွေကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)