ညောင်ဦး ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က မီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၉ နာရီအချိန်တွင် ကျေးရွာသူ/ကျေးရွာသားများ တဒင်္ဂပြေလည်စေရန် ဆန်နှင့်ဟင်းချက်စရာများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာသည် ဖေဖော်ဝါရီ ၂၁ ရက်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၆၆ အိမ်၊ ဆုံးရှုံးခဲ့ပြီး အတိဒုက္ခရောက်ရောက်နေသည့် ကျေးရွာသူ/ကျေးရွာသားများ တဒင်္ဂပြေလည်စေရန် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြီ၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်တစ်ပိသာနှင့် ခရမ်းချဉ်သီး တစ်ပိသာစီ ပထမအကြိမ် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ဝေမျှခြင်းပရဟိတ အဖွဲ့အကျိုးတော်ဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာတွင်မီးလောင်ခဲ့ခြင်းကြောင့် အကူအညီများ လိုအပ်လျက်ရှိရာ အိမ်ထောင်စု (၆၆)စု၊ လူဦးရေ (၂၅၂)ဦးအတွက် အကူအညီများ လိုအပ်လျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှ မည်သူမဆို ကူညီလှူဒါန်းနိုင်ကြောင်း သိရပြီး ညောင်ဦးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆက်သွယ်၍လည်းကောင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့ရှိ လူမှုကူညီရေး ပရဟိတအသင်းများမှလည်း ချိန်ဆက်ကူညီလှူဒါန်းနိုင်ကြောင်းလည်းသိရကာ အလှူရှင်များကိုယ်တိုင် မြောင်ကျေးရွာအရောက် ကူညီလှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုထိန်၊ KPD
ညောင်ဦးခရိုင် (ပြန်/ဆက်)