ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အမှတ်(၃၀)ဈေးအတွင်း သရုပ်ပြစစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အမှတ်(၃၀)ဈေးအတွင်း သရုပ်ပြစစ်ဆေးဆောင်ရွက်ခြင်းကို ယမန် နေ့နံနက်ပိုင်းက အမှတ်(၃၀)ဈေးအတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်နှင့် အဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သရုပ်ပြဆောင်ရွက်ခြင်းကို အမှတ်(၃၀) ဈေးအတွင်းရှိ ဈေးစည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် နည်းလမ်းများအား စနစ်တကျရှိစေရေး လက်တွေ့သရုပ်ပြခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးဆိုင်ခန်းများအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သရုပ်ပြဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ဈေးများအတွင်း မီးလောင်လွယ်စေမည့် ပစ္စည်းများထားရှိမှုရှိမရှိ လှည့်လည်စစ်ဆေးပြီး ဈေးစည်ပင်သာယာရေးအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ဒဂုံမြောက်)