ဆီဆိုင် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း စေရေး အတွက် ဆီဆိုင်မြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက် သွားလာသော ရဟန်းရှင်လူ မိဘပြည်သူများအား အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီး သွားလာကြ စေရေးအတွက် အသိပညာပေးပြောကြားပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ကိုဆေးကြောပေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးပေးခြင်း၊ ရပ်ဝေးမှဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)