ကွမ်းခြံကုန်း ဩဂုတ် ၂၈
(၂၀၂၀)ခုနှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်ကာလ အတွင်း ကျန်းမာရေးလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ် တွင် ကျေးရွာများ၌ မဲရုံအဖြစ် ဆောင်ရွက်ထားရှိ မည့် အခြေခံပညာကျောင်းများအား ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန် ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့် ကျေးရွာကော်မရှင် အဖွဲ့ခွဲအဖွဲ့ ဝင်များက တောကျောင်းကျေးရွာ၊ မန်းကလိပ်ကျေးရွာ၊ ထီဖာကျေးရွာ များရှိ မဲရုံအဖြစ် ဆောင်ရွက်ထားရှိမည့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ မဲရုံနေရာ အကျယ် အဝန်း၊ မဲပေးနိုင်သူဦးရေနှင့် ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ (Social Distancing)အရ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ မဲပေးနိုင်ရေး ဆောင်ရွက်ထားမှု၊ လက်ဆေး ရန် နေရာသတ်မှတ်၍ စနစ်တကျ ဆေးကြော နိုင်ရန် ပြင်ဆင်ထားရှိမှု၊ သက်ကြီးပိုင်းများနှင့် မသန်စွမ်းသူများအတွက် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)စုတွင် ကျေးရွာခွဲပေါင်း (၁၃၅) ရွာရှိပြီး မဲရုံစုစုပေါင်း(၁၈၀) နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၈၈၄၂၀)ခန့်ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)