ပျဉ်းမနားမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပျဉ်းမနား ဖေဖော်ဝါရီ ၂၂

ကိုဗစ်-၁၉ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှု မြှင့်မားလာခြင်းကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်   ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ယုဇနဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်မှုတွင် ပျဉ်းမနားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမောင်မောင်သန်း ဦးဆောင်၍ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်နှင့် ဝန်ထမ်းများ၊ ပျဉ်းမနားမြို့ နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအဖွဲ့များ၊ စည်ပင်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသည့် ပြည်သူများကို နှာခေါင်းစည်း(Mask)  ၅၀၀ ခု ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ကြရန်နှင့် လူစုလူဝေးမပြုလုပ်ကြရန်  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခန့်ဝင်းကျော် မြို့နယ်(ပြန်/ဆက်)