ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရွှေပြည်သာ  ဖေဖော်ဝါရီ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာ ရင်း ပြုလုပ်လိုသူများအားရပ်ကွက် ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက် (၁၀)နာရီမှ စတင်၍ လှော်ကားကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးသက်ဆွေဦးနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍  ဦးစားပေးအလိုက် စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁၁၈)ဦးနှင့်  မ (၁၁၃)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ အိမ်ထောင်စု များမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ် ရပ် ကွက်၊ ကျေးရွာများအရောက် အခမဲ့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးရုံးတွင်လည်း  ကျန်းမာ ရေးလမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)