ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၂
ကိုဗစ်-၁၉ရောဂါ ဗိုင်းရပ်စ်မျိုးကွဲဖြစ်သည့် Omicron ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမှုများ လျော့နည်းလာစေရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စျေးများ၊ စျေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စျေးရောင်းချမှုများ ရှိ၊ မရှိ မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်အတွင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
စျေးများ၊ စျေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စျေးရောင်းချခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်၍ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သလို တစ်ပတ်လျှင် တစ်ကြိမ်နှုန်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍လည်း မြို့နယ်အတွင်းရှိစျေးများ၊ လူအသွား အလာများပြားသည့် လမ်းဆုံ၊ ကားဂိတ်တို့တွင် အများပြည်သူများအား နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးနှိုးဆော်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)