လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) နေပြည်တော်အသင်းခွဲဥက္ကဋ္ဌ  ဦးဇော်အောင်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ငွေတို့က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်နှင့် မူးယစ်ဆေးဝါးအမျိုးအစား များ၊ မူးယစ်ဆေးဝါး တွင်ပါဝင်သည့် ဆေးလိပ်၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် လူငယ်များလက်ရှိအခြေအနေ၊  မူးယစ်ဆေး စွဲသူများ ပြန်လည်ပြုစု ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကို ရိုက်ကူး၍ Online မှ တင်ဆက်ပေးလျက်ရှိရာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြို့နယ်(ပြန်/ဆက်)