မော်လမြိုင် ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန် ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါအိုမီခရွန် ရောဂါပိုးသည် ပျံ့နှံ့မှုများနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအပေါ် စီမံချက်ချ၍ ကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူဦးရေစာရင်းများ တိကျ မှန်ကန်စွာ စနစ်တကျ ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်များအလိုက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ် - ၁၉ အပါအဝင် မျိုးဗီဇသစ်အိုမီခရွန် ရောဂါနှင့်ပတ်သက်၍ မပေါ့ဆကြရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အဖက်ဖက်ကထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ စေတနာရှင်၊ အလှူရှင်များက လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလိုစေကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာများက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မွန်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose အား (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံမှုကို မော်လမြိုင်မြို့နယ် အပါအဝင် သက်ဆိုင်ရာ မြို့နယ် များအလိုက် သတ်မှတ်နေရာများခွဲ၍ ဖေဖော်ဝါရီလဆန်းမှ စတင်ကာထိုးနှံပေးပြီးဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)