နောင်ချို သြဂုတ် ၂၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးနှင့် စာရင်းကောက်ယူနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက နောင်ချိုမြို့ ၊ ပါဟတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးမှ နောင်ချို မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ ကျေးရွာများ အလိုက် မဲဆန္ဒရှင်စာရင်းများ ကြေညာခဲ့ပြီး သော အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ မဲဆန္ဒရှင်ပြည်သူများ မကျန်ရှိစေရေး အတွက် တစ်အိမ်တက်ဆင်း အသိပေးနိုင်ရေး၊ မြို့နယ်အတွင်းအမှန်တကယ်နေထိုင်ပြိး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသော မဲဆန္ဒရှင်များအား မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိစေရေး၊ ရပ်ကွက်/ကျေးရွာ အုပ်စုများ၏ ကျေးရွာခွဲများရှိ ရာအိမ်မှူး/ဆယ်အိမ်မှူး များမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် မဲရုံပေါင်း(၈၃)ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း(၉၉၈၃၇)ဦး ရှိကြောင်း ပထမအကြိမ် ကြေငြာခဲ့ပြီး ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကြေငြာနိုင်ရေးအတွက် မြို့နယ်အဆင့် ကြီးကြပ် ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးနှင့် စာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့များ က တာဝန်ကျရပ်ကွက်/ကျေးရွာအလိုက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်