ကျိုင်းတောင်းမြို့၌ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ကျိုင်းတောင်း   ဖေဖော်ဝါရီ   ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ Mask မတပ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မဖြစ်မနေ အပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦး တစ်ယောက်တည်း သွားလာကြရန် အစရှိသည့် အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ပြီး Mask များ တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီဟ